တင်းနစ်ဘောလုံးတစ်လုံး၊ စက်ဝိုင်းတစ်ခု၊ နှင့် နံပါတ် ၃၀၀၀၀


## တင်းနစ်ဘောလုံးတစ်လုံး

သူ့အသက် (၂၁) နှစ်မှာ ကုမ္ပဏီတစ်ခု စထောင်ဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူတွဲပြီးတော့ပေါ့။ ကုမ္ပဏီရဲ့ လုပ်ငန်းကတော့ SAT သင်တန်းတွေကို Online ကနေ သင်ရိုးအသစ်နဲ့ သင်နိုင်ဖို့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းပါ။ အစကတော့ ဟုတ်မလိုလိုပါပဲ။ နှစ်နည်းနည်းကြာတော့ အနှုတ်လက္ခဏာပြလာတယ်။ လုပ်ရကိုင်ရတာ ပိုခက်လာတယ်။ သူ လုပ်နေတဲ့အလုပ်ကို လုံးဝ ဆက်ပြီး လုပ်ချင်ကိုင်ချင်စိတ်ကို မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် အားမရတာတွေ၊ ယုံကြည်မှုမရှိတော့တာတွေလဲ နောက်က လိုက်လာတော့တာပေါ့။ ဒါနဲ့ပဲ သူ အဲဒီအလုပ်ကို နားလိုက်တယ်။ ဆက်မလုပ်ဖြစ်တော့ဘူး။

ဒီနောက်မှာ online မှာ ဖဲရိုက်လို့ရတဲ့ Poker Bot တစ်ခု ဖန်တီးပြီး ကိုယ်တိုင်လဲ ဖဲကစားရင်း စိတ်လေနေခဲ့တယ်။ ဖဲလဲ စွဲသွားတယ်ဆိုပါတော့။ အဲဒီမှာ သူတစ်ခုသွားတွေ့တာက အလုပ်တစ်ခုလုပ်ဖို့ ပိုက်ဆံရရုံ၊ လုပ်ချင်စိတ် ရှိရုံနဲ့ မလုံလောက်ဘူး ဆိုတာပဲ။ အောင်မြင်နေတဲ့သူတွေကို သူလိုက်လေ့လာကြည့်တယ်။ အားလုံးက ကိုယ့်အလုပ်ကို ကိုယ် ရူးသွပ်စွဲလမ်းစွာ လုပ်နေကြတာကို တွေ့ရတော့တာပဲ။ ပြဿနာ အခက်အခဲတွေ ဘယ်လောက်ပဲ တွေ့ရတွေ့ရ စွဲစွဲလမ်းလမ်း ရူးရူးသွပ်သွပ်ကို ဖြေရှင်းပြီး ဆက်လုပ်နေကြတာကို တွေ့ရတဲ့အခါ သူတစ်ခုသဘောပေါက်သွားတယ်။

အိမ်မှာ ခွေးမွေးထားတဲ့သူတွေ ခွေးနဲ့ကစားနေကျလူတွေ ရှိမှာပါ။ လက်ထဲမှာ တင်းနစ်ဘောလုံးကို ကိုင်လိုက်တာနဲ့ ခွေးဆိုတာ မျက်လုံးအရောင်ကို တောက်ပြီး ဖျတ်ဖျတ်လူးနေပြီ။ တင်းနစ်ဘောလုံးကို ပစ်လွှတ်လိုက်တာနဲ့ တရှိန်ထိုးပြေးကောက်တော့တာပဲ။

လူတော်တော်များများဟာ တင်းနစ်ဘောလုံးကို ရှာမတွေ့ကြသေးတာပါ။ သူလဲ ဒီလိုမျိုး ဖြစ်ခဲ့ပါလားဆိုတာ သူသိသွားတယ်။ ပထမအလုပ်ကို သူမကြိုက်တာမဟုတ်ပေမယ့် သူရူးရူးမိုက်မိုက် စွဲလမ်းစွာ ပြေးကောက် ပြေးလိုက်မယ့် တင်းနစ်ဘောလုံးမျိုး မဟုတ်ဘူးဆိုတာ သူတစ်ခါတည်း သိသွားခဲ့တယ်။

## စက်ဝိုင်းတစ်ခု

သူ့မှာ တစ်ဆောင်တည်းနေတဲ့ ညီအကိုလိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အဲဒီသူငယ်ချင်းမှာလဲ အခြားတစ်ယောက်နဲ့ စပ်တူထောင်ထားတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေ အကုန်အကျသက်သာအောင် အတူတူစုနေကြပြီး Code တွေဘာတွေ အတူတူ ရေးကြနဲ့ တော်တော်ပျော်ဖို့ ကောင်းခဲ့ပါတယ်။

တစ်ရက် သူ့သူငယ်ချင်းတို့တတွေ အပြင်သွားမလို့ လုပ်နေတာတွေ့တော့ ဘယ်သွားမလို့လဲလို့ သူမေးကြည့်မိတယ်။ Investor ဆီ သွားတွေ့မလို့ လို့ ပြန်ဖြေတော့ သူလဲ သာမန်ပဲ “အော် အေး အေး” ပေါ့။ ဒီလိုပဲ ထင်လိုက်မိတယ်။ တကယ့်တကယ်ကျ Investor က သူ့သူငယ်ချင်းတွေကို ဟယ်လီကော်ပတာနဲ့ကို လာခေါ်တာဗျ။ နောက်ရက်တွေကျတော့ သူ့သူငယ်ချင်းအုပ်စုတွေ Silicon Valley ကိုပြောင်းတော့မယ်ဆိုပြီး ပြောင်းသွားကြတော့ သူတစ်ယောက်တည်း ကျန်ခဲ့တယ်။

ကြားထဲမှာလဲ အဆက်အသွယ်တော့ ပြတ်ကြတယ်မဟုတ်ပါဘူး။ တစ်ရက် သူ့သူငယ်ချင်းနဲ့ ဖုန်းပြောဖြစ်တော့ သူငယ်ချင်းကပြောတယ်။ ဟိုရက်က Vinod Khosla နဲ့ တွေ့တယ်တဲ့။ Vinod Khosla ဆိုတာ နည်းပညာလောကမှာ မသိတဲ့သူမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ သူဌေးကြီး။ ဘာတွေပြောဖြစ်လဲဆိုတော့ သူ့သူငယ်ချင်းရဲ့ ကုမ္ပဏီမှာ ဒေါ်လာ (၅) သန်း ရင်းနှီးမြှုပ်နှံဖို့ သူဌေးကြီးက သဘောတူလိုက်ပြီတဲ့။

သူတော်တော် ရှော့ရသွားပါတယ်။ တကယ်ဆိုရင် သူ့သူငယ်ချင်းတွေ ကုမ္ပဏီစထောင်ခဲ့တာ (၂) လလောက်ပဲ ရှိပါသေးတယ်။ သူ့ထက်အသက်လည်းငယ်တယ်၊ အတွေ့အကြုံလည်း နည်းတယ်။ သူ့ကုမ္ပဏီ လုပ်ငန်းလည်ပတ်ခဲ့တာ နှစ်ပေါက်နေပြီ။ သူ့သူငယ်ချင်းအတွက် ဝမ်းသာပေမယ့် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ဖို့ အချိန်ရောက်ပြီလို့ သူ သိလိုက်ပါတယ်။ ဘာကြောင့် သူဒီလို ရင်းနှီးမြှုပ်နှံမှု မရသေးသလဲ။ ဘာကြောင့် ရုန်းကန်နေရသလဲ။

လူတွေဟာ စက်ဝိုင်းတစ်ခုထဲမှာ နေကြတာပါ။ ကိုယ့်စက်ဝိုင်းထဲမှာ ရှိနေသူတွေကပဲ ကိုယ်ဘာကောင်ဖြစ်လာမလဲလို့ ပုံဖော်ထုဆစ်ပေးတာဖြစ်ပါတယ်။ ဆိုရိုးတစ်ခုရှိတယ်။ “လူဟာ သူပေါင်းတဲ့ သူငယ်ချင်း (၅) ယောက်ရဲ့ ပျမ်းမျှ ဖြစ်တယ်” တဲ့။ သဘောက ပေါင်းတဲ့ သူငယ်ချင်း (၅) ယောက်ရဲ့ ကောင်းတဲ့အချက်တွေ ဆိုးတဲ့အချက်တွေဟာ လူတစ်ယောက်မှာ သွားတွေ့ရတယ်လို့ ဆိုလိုတာပါ။ မြန်မာလိုပြန်ရင်တော့ “တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးပေါ့”။ Investor တွေနဲ့ ချိတ်ဆက်ထားနိုင်တဲ့ သူ့သူငယ်ချင်း Funding ရတာ ဘာမှမထူးဆန်းတဲ့ ကိစ္စဆိုတာ သူသဘောပေါက်သွားပါတယ်။

သူ့ စက်ဝိုင်းထဲမှာရော ဘယ်သူတွေရှိသလဲ….

## နံပါတ် ၃၀၀၀၀

ဒါနဲ့ပဲ သူနောက်ထပ် လုပ်ငန်းတစ်ခုပြောင်းလုပ်ခဲ့ပါတယ်။ ဒီ idea ကတော့ မဆိုးဘူးပြောရမယ်။ သူ့အတွက် တော်တော်လေး လမ်းစတွေ ပွင့်လာခဲ့ပြီး San Francisco ကို ပြောင်းရွှေ့ဖြစ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူ့ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံသူတွေက မီးစိမ်းပြလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု စရတယ်… သူ ပျော်လိုက်တာဆိုတာ.. ခရစ်စမတ်လက်ဆောင်ရသလိုပါပဲ။ အစတုန်းက ဒေါ်လာ ၆၀ ပဲကျန်တဲ့ သူတို့ကုမ္ပဏီ ဘဏ်အကောင့်ထဲ ဒေါ်လာ ၁.၂ သန်းရောက်လာတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူအမှားတွေ တော်တော်များများ လုပ်ခဲ့မိတယ်။ မှားတာတွေက အရေးကြီးတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။ ဘယ် Entrepreneur မဆို စစချင်းမှာ ဘယ်သူမှ မမှားခဲ့တဲ့သူ မရှိပါဘူး။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ Bill Gates တို့ Steve Jobs တို့လဲ အစပိုင်းမှာ မှားခဲ့တာပါပဲ။ ဒီဘက်ခေတ်မှာ သူသဘောကျတာလဲ ဒါပါပဲ။ ကျရှုံးတယ် မှားတယ်ဆိုတာ သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်တော့ဘူး။ တစ်ခါလောက် မှန်လိုက်ဖို့ပဲလိုတာ။

San Francisco ကို ပြောင်းလာပြီးတော့ တစ်ည သူ ပျင်းပျင်းရှိတာနဲ့ online ပေါ်တက်ပြီး ဟိုဟိုဒီဒီ ကြည့်နေတုန်း webpage တစ်ခုမှာ သွားတွေ့တယ်။ လူဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ရက်ပေါင်း ၃၀၀၀၀ လောက်ပဲ အသက်ရှင်ရတာဆိုပဲ။ ဒါနဲ့ သူလဲ Calculator ထုတ်ပြီး သူ့အသက် 24 နဲ့ 365 ရက်ကို မြှောက်ကြည့်လိုက်တော့ ... ဟိုက် ရက်ပေါင်း ၉၀၀၀ လောက်နေပြီးသွားပြီးသားး ဖြစ်နေတာ သွားတွေ့တော့တာပါပဲ။ ဒီ ရက် ၉၀၀၀ မှာ သူဘာတွေလုပ်ခဲ့ပြီးပြီလဲ.. ပြန်စဉ်းစားကြည့်မိတယ်။ ရတာကမှ ရက် ၃၀၀၀၀ ကို ရက် ၉၀၀၀ ဆိုတာ နည်းနည်းနောနော ကုန်သွားတာမဟုတ်ပါလားဗျာ။

ဒီ ၃၀၀၀၀ ဆိုတဲ့ နံပါတ်တစ်ခုဟာ တစ်ရွေ့ရွေ့နဲ့ တစ်နေ့ထက်တစ်နေ့ နည်းလာဦးမှာပါ။ တစ်ခု ကုန်သွားတိုင်း ကုန်သွားတိုင်း ဘာတွေအကျိုးရှိတာလုပ်ပြီးပြီလဲ ဘယ်လောက် တန်ဖိုးရှိရှိ ဖြတ်သန်းပြီးပြီလဲ ဆိုတာကို အမြဲ အမှတ်ရနေဖို့ လိုပါတယ်။ သူဆုံးဖြတ်လိုက်ပါတယ်။ သူ့ဘဝရဲ့ ကျန်ရှိနေတဲ့ တစ်ရက်စီတိုင်း တစ်ရက်စီတိုင်းကို အကောင်းဆုံးလုပ်ဖို့၊ စိတ်ဝင်စားစရာကောင်းတာတွေ ရွေးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ .. သူ.. နဲ့ ပြောနေတဲ့ သူ ဆိုတာကတော့ တခြားသူမဟုတ်ပါဘူး။

ယခုချိန်မှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိနေပြီဖြစ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ တည်ထောင်သူ.. File တွေ အလွယ်တကူ Backup လုပ်နိုင်ဖို့၊ Cloud အခြေပြုစနစ်ကို သုံးပြီး မျှဝေနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ Dropbox ရဲ့ ဖန်တီးရှင် ဘီလျံနာ လူငယ် Drew Houston ပဲဖြစ်ပါတယ်။

ကဲ.. ခင်ဗျားလဲ ပြီးအောင် ဖတ်ပြီးသွားပြီဆိုတော့ ခင်ဗျားကို ကျွန်တော် မေးချင်တဲ့ စကားလေးတွေ ရှိပါတယ်။

ခင်ဗျားရဲ့ တင်းနစ်ဘောလုံးက ဘာလဲ?
ခင်ဗျားရဲ့ စက်ဝိုင်းထဲမှာ ဘယ်သူတွေရှိသလဲ?
ဒီတစ်ဘဝမှာ ခင်ဗျားရတဲ့ ရက် ၃၀၀၀၀ ကို ဘယ်လိုသုံးဖို့ စဉ်းစားထားလဲ?

အောင်မွန်ချမ်း
Ref: (www.akhayar.com မှ “Dropbox ရဲ့ CEO ဖြစ်သူ ဘီလျံနာ Drew Houston ၏ ဝှက်ဖဲ သုံးချပ်" ဆောင်းပါးကို Version ပြောင်းရေးသည်)

No comments

How do you think about this article?

Powered by Blogger.