Header Ads

ဖိလစ်ပိုင်နိုင်ငံရဲ့ “ငြိမ်းချမ်းရေးလာဘ်ကောင်”


ဖိလစ်ပိုင်နိုင်ငံ ၊ Bukidnon မြို့နယ် ၊ Kibawe ရွာလေးမှာ ၁၉၇၈ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ကလေးတစ်ယောက်။ မွေးချင်းခြောက်ယောက်အနက် စတုတ္ထမြောက်သား ဖြစ်တဲ့ပေမယ့်လည်း “ရွှေပေါ် မြ တင်” မဖြစ်ခဲ့တဲ့အပြင် ဆင်းရဲတဲ့ မိသားစုမှ ဆင်းသက်လာတဲ့အတွက် အသက် ၆နှစ်အရွယ်မှာတင် မိဘလုပ်ငန်းဖြစ်တဲ့ တံငါအလုပ်ကို ကူညီခဲ့ရတဲ့ ကလေး။ ပညာရေးမှာ ထူးချွန်ခဲ့ပေမယ့်လည်း စီးပွားရေးကြပ်တည်းမှုကြောင့် အထက်တန်းကျောင်းသားဘဝမှာတင် ကျောင်းထွက်ခဲ့ရတဲ့အပြင် သူ့ရဲ့မိခင်ဟာ သားသမီးတွေကို ထောက်ပံ့မပေးနိုင်ခဲ့တဲ့အတွက် သူ့အသက် (၁၄) နှစ်အရွယ်မှာ အိမ်ပေါ်မှဆင်းပြီး မြို့တော်မနီလာမြို့ (Manila) ကို ချီတက်ခဲ့ပါတယ်။

အိမ်ခြေယာမဲ့တစ်ယောက်ဖြစ်တဲ့အတွက် ပလက်ဖောင်းပေါ်မှာတင် ဖြစ်သလို အိပ်စက်ခဲ့ရတဲ့အပြင် ထမင်းကိုတောင် နပ်မှန်အောင် မစားခဲ့ရပါဘူး။ ခန္ဓာကိုယ် မဖွံ့ထွားတဲ့ လူဗလံလေးဖြစ်တဲ့အတွက် ပြိုင်ဘက်ရဲ့လက်သီးချက်တွေကို ခံနိုင်ရည်ရှိအောင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရပါတယ်။ Philippine National Amateur Boxing Team မှာ အပျော်တမ်းလက်ဝှေ့ကစားသမားဘဝ စတင်ခဲ့ပြီး ၆၄ပွဲ ထိုးသတ်ခဲ့ရာမှာ ပွဲ ၆ဝ အနိုင်ရရှိခဲ့ပါတယ်။ သူ့ထက် အကောင်ကြီးတဲ့ပြိုင်ဘက်တွေကို ရင်ဆိုင်ခဲ့ရတဲ့အတွက် အနာခံပြီး အောင်ပွဲကို အရယူခဲ့ပါတယ်။

ကြေးစားလက်ဝှေ့ကစားသမားဘဝကိုတော့ ၁၉၉၅ခုနှစ် အသက် ၁၆နှစ်သားဘဝ Mini Flyweight တန်းမှာ စထိုးခြင်းဖြစ်ပါတယ်။ ၁ဝ၅ပေါင်ရှိမှသာ ထိုးသတ်ခွင့်ပြုတဲ့ Mini Flyweight တန်းမှာ သူဟာ ၉၇ပေါင်သာရှိတဲ့အတွက် ဘောင်းဘီထဲတွင် အကြွေစေ့များ ၊ အလေးတုံးများ ထည့်၍ သက်မှတ်အလေးချိန်ပြည့်မီအောင် ကြိုးစားခဲ့ရပါတယ်။ ၁၉၉၈ခုနှစ်မှာ လူဗလံလေးဖြစ်ပေမယ့်လည်း ပြိုင်ဘက်လက်ဝှေ့ကျော် Sasakul ကို အလဲထိုးပြီး Flyweight ချန်ပီယံဖြစ်လာခဲ့ပါတယ်။ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေနဲ့ ကြိုးစားလာလိုက်တာ Flyweight ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာ Featherweight နှင့် Welterweight ဝိတ်တန်းများမှာ ချန်ပီယံဘွဲ့များ ဆက်လက်ရရှိခဲ့တဲ့အပြင် ကမ္ဘာကျော်လက်ဝှေ့သမား ဖြစ်လာခဲ့ပါတယ်။

ဆင်းရဲတဲ့မိသားစုဘဝမှ ဆင်းသက်လာပြီး ကမ္ဘာကျော်လာခဲ့တဲ့အတွက် သူဟာ ဘဝမမေ့ပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ ဆင်းရဲတဲ့ပြည်သူများအတွက် ကိုယ်ပိုင်ငွေကြေးဖြင့် နေအိမ်များ အိတ်စိုက်ဆောက်လုပ်ပေးခဲ့တဲ့အပြင် ဖောင်ဒေးရှင်းထောင်ပြီး လူမှုရေးကူညီမှုများ လုပ်ဆောင်ပေးခဲ့တဲ့အတွက် Forbes Asia ရဲ့ ပရဟိတသူရဲကောင်းဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့လက်ဝှေ့ပွဲရှိတဲ့နေ့များမှာဆိုရင် ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံရေးအတိုက်အခံတွေ ၊ စစ်သားတွေဟာ စစ်ပွဲတွေရပ်နားပြီး လက်ဝှေ့ပွဲကြည့်နေရတဲ့အတွက် သူ့ကို ဖိလစ်ပိုင်နိုင်ငံသားတွေက “ငြိမ်းချမ်းရေးလာဘ်ကောင်” အဖြစ် သတ်မှတ်ကြပါတယ်။ ကျွန်တော်နာမ်စားသုံးခဲ့တဲ့ သူဆိုတာ တစ်ခြားမဟုတ်ပါဘူး။ အရပ် ၅ပေ၅လက်မခွဲ (၁၆၆စင်တီမီတာ) နှင့် ကိုယ်အလေးချိန် ၆၅ကီလိုဂရမ် (၁၄၄ပေါင်) သာရှိပေမယ့်လည်း ကမ္ဘာ့ဝိတ်တန်း (၃)ခု (Flyweight ၊ Featherweight ၊ Welterweight) မှာ ကမ္ဘာ့လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ခဲ့တဲ့ မန်နီ ပက်ကွီအို (Manny Pacquiao) ပဲ ဖြစ်ပါတယ်။ ကြေးစားလက်ဝှေ့ပွဲပေါင်း ၆၅ပွဲထိုးသတ်ခဲ့ပြီး ၅၇ပွဲအနိုင်ရရှိကာ ၂ပွဲသရေရရှိပြီး ၆ပွဲသာ ရှုံးနိမ့်ခဲ့တဲ့ ပက်ကွီအိုဟာ ကြိုးဝိုင်းထဲမှာသာ အောင်မြင်ခဲ့ရုံသာမက ဖိလစ်ပိုင်နိုင်ငံရဲ့ အထက်လွှတ်တော်အမတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အဆင်မပြေမှု ၊ အခက်အခဲတွေ ကြုံတွေ့လာတိုင်း ပက်ကွီအိုကို အတုယူပြီး ဘဝကို အနိုင်မခံ ၊ အရှုံးမပေးစိတ်ဓာတ်ဖြင့် ရင်ဆိုင်လိုက်မယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ သေချာပါတယ်။

ကျော်စိုးအောင် (Myanmar Leaders)

No comments

How do you think about this article?